အလုပ်မလုပ်ရတဲ့-သူ့သံဃာတွေ အဆင်းလှနေခဲ့တယ်...
ရွာပတ်ပတ်လည်က လူသားတိုင်းကို ထိမှန်နေခဲ့တယ်...
(၀၀၀)
အလုပ်လုပ်ကြတဲ့-လူ့ဒဏ်ရာတွေ ထမင်း မဝပေမဲ့
အလုပ်မလုပ်ရတဲ့-သူ့သံဃာတွေ အဆင်းလှနေခဲ့တယ်...
ကဗျာရယ်..။
-
((( ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် )))
-
ရွာရဲ့တောင်မြင်ြ့မင့်ထိပ်မှာ စေတီတော်ဟာ လင်းထိန်ဝင်းပ၊
တောင်ခြေ ရွာလယ်ခေါင်မှာ လူအိုနဲ့ခလေးတွေ ငတ်နေကြ၊
စာသင်ကျောင်းက ကကြီး ခခွေး ရွတ်သံတွေက နွမ်းယဲ့ယဲ့ပေမဲ့၊
ဘုန်းကြီးကျောင်းက ပရိတ်ကြီးရွတ်သံတွေ ဌာန်ကရိုင်းကျ မှန်နေလျှက်ပဲ၊
-
ဘုန်းကြီးကျောင်း ၆ ကျောင်း
ရဟန်းနဲ့ကိုရင် ၂၄ ပါး
ရဲစခန်း ၁ ဌာန
ရဲတပ်သား ၁၀ ယောက်
စာသင်ကျောင်း ၂ ကျောင်း
ကျောင်းသားကျောင်းသူ ၂၀၀ ယောက်
စေတီကြီး/ငယ် ၁၅ ဆူ
ဆေးပေးခန်း ၁ ခု
ရွာလယ်ဇရပ် ၁ ခု
ရွာသူရွာသား စုစုပေါင်း ၁၀၀၀ ယောက်
၁၅၀ ယောက်က ၁၆ နှစ်အောက်
နောက် ၁၅၀ ယောက်က မိန်းမ
နောက်ထပ် ၁၅၀ ယောက်က အသက် ၆၀ ကျော်
ရွာလေးမှာ
စေတီနဲ့ ဘုန်းကြီးကျောင်းတွေ များနေပေမဲ့
အလုပ် လုပ်မဲ့ ယောက်ျားတွေ ရှားနေခဲ့တယ်
ပျောက်သွားတဲ့ ယောက်ျားတွေ မပြန်လာပေမဲ့
သူတို့ ပို့လိုက်တဲ့ ပိုက်ဆံတွေ ပြန်လာခဲ့တယ်
ရဟန်းသံဃာတွေကတော့ သန်မာဝဖြိုးဆဲပါ
ထေရဝါဒ သာသနာ ကြီးစိုးတဲ့ရွာ မဟုတ်လား
အလောင်းဘုရားခေတ် မြေပုံထဲမှာ
အလောင်းဘုရား နတ်ရွာစံခဲ့တဲ့ရွာဟာ
ဒီမိုကရေစီခေတ်ရဲ့ မြေပုံထဲမှာ
ပထဝီညံလာတဲ့ အစိုးရတွေကြောင့်
စာလုံးပေါင်းမှန်မှန်နဲ့ ပီပီသသ မဖော်ပြထားနိုင်လောက်ပေမဲ့
ဒီရွာထဲရဲ့ ဘုန်းကြီးကျောင်းအုန်းမောင်းခေါက်သံ
ရွာပတ်ပတ်လည်က လူသားတိုင်းကို ထိမှန်နေခဲ့တယ်...
-
ဘုန်းကြီးကျောင်းက ပရိတ်ကြီးရွတ်သံတွေ ဌာန်ကရိုင်းကျ မှန်နေလျှက်ပဲ၊
စာသင်ကျောင်းက ကကြီး ခခွေး ရွတ်သံတွေက နွမ်းယဲ့ယဲ့ပေမဲ့၊
တောင်ခြေ ရွာလယ်ခေါင်မှာ လူအိုနဲ့ခလေးတွေ ငတ်နေကြ၊
ရွာတောင်မြင်ြ့မင့်ထိပ်မှာ စေတီတော်ဟာ လင်းထိန်ဝင်းပ၊ ။ ။
သုအိုင်စံ
၂၅-၀၁-၂၀၁၃
-
-
( 105 )
((( ၁၀တန်းအောင်လက်မှတ် )))
အရူးလုပ်တဲ့ အနုပညာဟာ
ရက် ၇၀ ကျော်တာနဲ့ သေဆုံးသွားတယ်
အနုပညာလုပ်တဲ့ အရူးကတော့
အသက် ၇၀ ကျော်တာတောင် မသေသေးဘူး
တွေးခေါ်စိတ်ကူးမှုတွေက
သူဌေးအကြိုက်နဲ့ဘိန်းယင်းထနေပေမဲ့
ပါရမီရဲ့ဖန်ဆင်းချက်က
ခွေးစရိုက်နဲ့ ကော်ရှူ ရုံလေးပဲ တတ်နိုင်ခဲ့တယ်လေ
ခပ်ညံ့ညံလှတဲ့ သုခုမစာပေဟန်များ
ရပ်တန့်မရတဲ့ လူ့ဘဝမှာ ပေကျံသွားရဲ့
ဘယ်ကိုမှ မရောက်ခဲ့တာလား
ဘယ်ကိုမှ မလျှောက်ခဲ့တာလား
လမ်းကြားအုတ်နံရံပေါ်ကဆေးမှုတ်ပန်းချီမှာ
လူသည် လူဖြစ်ခဲ့ကြောင်း
အတွေးစာသားတွေ ဆေးကောက်ကြောင်းတွေ
လမ်းသရဲတွေ ကျောင်းပြီးသွားသလိုပဲ
ဆေးပျယ်သွားမယ် မဟုတ်လား
လမ်းထဲ ရေမြောင်း စီးသွားသလိုပဲ
ဝေးကွယ်သွားမယ် မဟုတ်လား
ရိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ လက်တွေနဲ့
သင်္ကြန်ရေပက်ခဲ့ဖူးတဲ့ ရိုးရာဓလေ့မှာ
ရိုးသားစွာ ဆိုးဝါးခဲ့ပါတယ်လေ
ရန်အစဉ်အလာတွေ သူပုန်ထနေတဲ့ ဇာတိရွာထဲ
ပေါက်ဖွားကြီးပြင်းခဲ့
ဥာဏ်ပညာတွေ စုံရပ်သေနေတဲ့ မာတိကာထဲ
လျှောက်သွားစီးနင်းလျှက်
မြေအောက်ဘူတာက မတက်တဲ့ မြေအောက်ဂီတများ
ဘယ်သူမှ နားမဆင်တဲ့ လမ်းဘေးသံစဉ်တွေ
ကိုယ့်ရင်ခွင်လေးနဲ့ ကိုယ့် ကောင်းကင် တည်ထောင်
အမောင်းသင်ခဲ့တဲ့ကောင်ရဲ့ အပျံသင်ခဲ့တဲ့အတောင်နဲ့
မရှိ မရှားတဲ့ မူးယစ်ဆေးဝါးလို လူ့ဝဋ်ကျွေးများကို
အသိတရားနဲ့ မူးပစ်ပျော်ပါးကြ မှီဝဲကျားကန်ကြဆဲ
ရူးသွားရလောက်အောင်လည်း ကံမဆိုးသေးခဲ့ဘူး
ထူးသွားရလောက်အောင်လည်း ကံအကျိုးမပေးခဲ့ဘူး
ကိုယ့်ဆူးကိုယ်ထွင်နေကြရတဲ့ မုဆိုးရဲ့ သိုင်းပညာမှာ
ထက်ပိုင်းကျိုးနေတဲ့ကျောရိုးကို ဂျိုင်းထောက်နဲ့ ထမ်းလာ
စိတ်ကျိုးကြေနေတဲ့ သက်တမ်းကို ပျိုးချင်ပျိုး ဖျက်ချင်ဖျက်
အဆိပ်မိုးနေတဲ့ တက်လမ်းကို ချိုးချင်ချိုး တက်ချင်တက်
တချက်တချက်မှာ
ရပ်ကွက်ထဲ မျက်စေ့လည်လမ်းမှား ပြန်ရောက်တဲ့အခါ
လူ့ဘဝရဲ့ ငယ်စဉ်လက်ရာ ဆေးမှုတ်ပန်းချီတစ်ကွက်ကို
ဝင်ကြည့်မိတဲ့အခါ
Graffiti ဟာ ဆေးကွာ နေမှာပဲ ( မနက်ဖန်မနက်လို )။ ။
သုအိုင်စံ
၁၇-၀၃-၂၀၁၅
-
-
(၁၀၆)
((( ယေဘူယျလမ်း )))
ကျနော့် မိန်းမ မီးဖွားရမယ်
ဆေးရုံကို ဘယ်လမ်းက သွားလဲ
ဒီလမ်းကသွား...
ယေဘူယျ လမ်းလို့ ခေါ်တယ်
ကျနော့် အမေ အသုဘ ချရမယ်
သုသာန်ကို ဘယ်လမ်းက သွားလဲ
ဒီလမ်းကသွား...
ယျေဘူယျ လမ်းလို့ ခေါ်တယ်
ဟာ... ဒါက ဆေးရုံသွားတဲ့လမ်းကြီးလေ
မှားနေပြီ...
မမှားပါဘူး...
သုသာန်ဘေးမှာ ဆေးရုံ လာဆောက်ထားတာလား
ဆေးရုံဘေးမှာ သုသာန် လာဆောက်ထားတာလား
ဘယ်လူသားမှ သေချာ မကွဲပြားပေမယ့်
ဆေးရုံဘေးမှာ သုသာန်ရှိတာတော့ သေချာခဲ့တယ်
အဆောက်အဦး ၂ ခုစလုံးက တစ်ပုံစံတည်းရယ်...
ဒါနဲ့ ...ခင်ဗျားက ဘယ်မှာနေတာလဲ
ဒီ ယေဘူယျလမ်းထဲမှာပေါ့
ခင်ဗျားလိုပဲလေ
ဆေးရုံကိုပြေးလိုက် သုသာန်ကိုပြေးလိုက်
မောဟိုက်နေတာကို မမောဟိုက်နိုင်တဲ့ ဘဝထဲ
ဘတ်စ်ကားလည်း ရပ်နားချင်တာပဲပေါ့ဗျာ...
ဖြစ်ပြု ခြင်း နဲ့  ပျက်သုန်းခြင်းကြား
ခြံစည်းရိုးလေးပဲခြားရဲ့ 
လူဟာ အဝေးဆုံးကနေ ပတ်လျှောက်ရောက်ခဲ့တယ်
ယေဘူယျလမ်းက သာမညပေမဲ့...
အရာရာ ရှုပ်နေတယ်
ဘေးခလုပ်ပေါ် ဆူးညှောင့်တွေ အလုပ်ရှုပ်သလိုမျိုးပေါ့...
ဒါပေမဲ့...
သုသာန်ကတော့ အရှုပ်မခံဘူးဗျ
ရုပ်နာမ်ဟာ အဲဒါကိုသိလို့  ကြို ခွဲ ဖြဲ ခဲ့
ရှင်ခြင်းရဲ့ သေပွဲမှာ
ယေဘူယျတရားက သမာဓိပြည့်နဲ့ 
နေဟာ အရပ် ၄ မျက်နှာက ထွက်တယ်...!!!
သုအိုင်စံ
၂၅-၀၁-၂၀၁၄
-
-
(၁၀၇)
((( ကွက်လပ်ပိုများကို ဖြည့်စွက်ခြင်း )))
လူ ၁၀ ယောက် ဝိုင်းထိုင်ပြောနေတဲ့ လူအုပ်ထဲကို
"ကိုယ်မေကိုယ်လိုး" လို့ လှမ်းအော်ဆဲလိုက်တယ်
လူ ၁၀ ယောက်လုံးက ချက်ချင်း ပြိုင်တူ တုံ့ပြန်တယ်
"ဟေ့ရောင်.. မင်း- ဘာ-စောက်-စကားပြောတာလဲ" တဲ့
ထိုးမယ် ကြိတ်မယ် သတ်မယ် ဖြတ်မယ် တကဲကဲနဲ့
ကျနော် ဆဲတာ သူ တစ်ယောက်တည်းကိုပါဗျာ
ခင်ဗျားတို့ ၉ ယောက်နဲ့ ဘာမှ မဆိုင်ဘူးလေ
နားတွေဟာ ဘာကို ကြားရလိမ့်မယ်လို့ မသိရသလို
လူတွေဟာ နားကို ဘာနဲ့ ပိတ်ထားရမလဲ မသိကြဘူး
ကျနော့ဖက်ကတော့ ရည်ရွယ်ပြီး မစော်ကားပေမဲ့
ခင်ဗျားတို့ဖက်မှာ စော်ကားခံရသလို ဖြစ်နေတယ်
ဒီဖြစ်ရပ်ကို ဘယ်လို ဥပဒေနဲ့ ကိုင်တွယ်ကြမလဲ
ကျနော်မှ မအော်ဆဲရင် သူ မကြားဖူး ဖြစ်နေတယ်
၁ ဦးကို ဆဲဖို့ ၉ ဦးကို ဘေးဖယ်ခိုင်းလို့ သင့်ပါ့မလား
ဒါတော့- ကျနော် မတရားဘူးလို့ ခင်ဗျားတို့ မြင်ကြရင်
ဒါလည်း- ကျနော် မမှားဘူးလို့ ခင်ဗျားတို့ မြင်နိုင်မလား
တံခါးမရှိတဲ့ လှောင်အိမ်ထဲကို လေပြေတွေ ဝင်လာတာ
လှောင်အိမ်ထဲနေတဲ့ ကျနော်တို့ဟာ တားဆီးလို့ မရဘူး
နံရံမရှိတဲ့ အခန်းငယ်ထဲကို နေရောင်တွေ ဝင်လာတာ
အခန်းငယ်ထဲနေတဲ့ ကျနော်တို့ဟာ ပိတ်ပင်လို့ မရဘူး
ဒီမှာ စာဖတ်ဖို့ ကျနော် ဖွင့်ထားတဲ့ လေးပေမီးချောင်းဟာ
ဘေးမှာ အိပ်နေတဲ့ ခင်ဗျားမျက်လုံးပေါ်မှာ လင်းနေတယ်
မျက်လုံးကို ခင်ဗျား ကမ္ဘာထဲက နှိုက်ထုတ်သွားလို့ မရဘူး
မီးချောင်းကို ကျနော် ကမ္ဘာထဲက ဖြုတ်ထုတ်သွားလို့ မရဘူး
ဆူးခင်းပြင်ပေါ်မှာ မြွေ အရေခွံ အသစ်လဲရင်း ခွေနေစဉ်
ဆူးတွေဟာ ဆက် ရှည်ထွက်နေတဲ့ အခြေအနေတိုင်းမှာ
တစ်ဖက်က ဘဝလိုအပ်ချက်တိုင်းကို ဆွဲထူရင်းနဲ့ ရှေ့ဆက်
ကွက်လပ် အပို ထပ်ထည့်ခိုင်းသလို တွဲကူခြင်းနဲ့ ဖြည့်စွက်
နေသာ လေသာတဲ့ နန်းတော်ထဲဝင်လည်း ခရီးအတူမို့
မရေရာ မသေချာတဲ့ လမ်းပေါ်လဲရင်လည်း မငြီးမငြူ ဖို့
ခင်ဗျားနဲ့ကျနော်နဲ့ အတူလျှောက်မှ ကျနော်တို့ ရောက်မှာ
၁၀ ယောက်စလုံးကို ဆဲမိသွားတာကို လက်ခံနိုင်ပေမဲ့
၁၀ ခေါက်စလုံး ဆဲနေတာကိုတော့ လက်ခံနိုင်ပေဘူး
ကိုယ့်ခေါင်း ဂေါက်ဖူးရင် သူများခေါင်း မဖောက်စားသင့်
အရူးအကြောင်း ဖြစ်တည်မှု ခေါင်းစဉ်ချည်း တပ်မနေကြနဲ့
ပူပေါင်း ချစ်ကြည်ပြု အကောင်းမြင်ပြီး မျှဝေရမဲ့ ဝဋ်ကြွေး
ကိုယ်စီ အပြန်အလှန် ခွံ့ကျွေးစောင့်ရှောက်ရမဲ့ အဆိပ်ရိက္ခာ
ကျနော်တို့ကမ္ဘာ၏ ရိတ်သိမ်းခြင်းရော၊ စိုက်ပျိုးခြင်းပါ ပါဝင်တဲ့
ဒီ- စိုက်ခင်းထဲတွင် အကြောင်းအကျိုးနဲ့ ဖြစ်ရပ်တွေရဲ့ ဓမ္မတရား
ဒီ- အမှိုက်ခြင်းထဲတွင် အဟောင်းအဆိုးနဲ့ ညစ်ပတ်နေတဲ့ အလှများ
သူများ မေးခွန်းတွေကို ကိုယ့်မေးခွန်းတွေလိုပဲ သဘောထား၍
ကွက်လပ်ဖြည့်စဉ်၊ အဖြေ မပြည့်အား၊ အချိန် စေ့သွားတယ်။ ။
သုအိုင်စံ
၁၈-၀၁-၂၀၁၅
-
-
(၁၀၈)
((( ကျောက်ဂူထဲက ၉ဦး နိုင်ငံရေး )))
ဒီနေ့
(၁) အသားရှာ၊ ငါးရှာ၊ အမဲလိုက် ၂ ယောက် သွားပါ
(၂) ဟင်းသီးဟင်းရွက်ခူး၊ သစ်ဥတူး ၂ ယောက်သွားပါ
(၃) ယာခင်းပေါင်းဆွ၊ ခြံစည်းရိုးကာ ၂ ယောက် လုပ်ပါ
(၄) ထင်းခွေ၊ ထမင်းဟင်းချက်၊ ရေခပ် ၂ ယောက်လုပ်ပါ
(၅) ထမင်းဟင်းကျက်တဲ့အခါ ငါ့ကို နှိုးပါ။ ။
သုအိုင်စံ
၁၁-၀၈-၂၀၁၄
-
-
(၁၀၉)
(((-(၄ချောင်းနဲ့) (၆ကြိုးကိုတီး) (E G A A G e ဆိုတဲ့ key နဲ့)-)))
(လက်ကွက်)
တွေ့တယ်မဟုတ်လား
လက်ခလယ် မရှိဘူး
ခင်ဗျားကို မFUCKယူ နိုင်ဘူးပေါ့
ကျနော် ယဉ်ကျေးသလား
ကျနော်က Trash Metal ဂစ်တာသမားပါ
ခင်ဗျား ဂစ်တာက ကြိုး အားလုံး မညီတော့
ဘယ်သူတွေကမှ ဆွဲ တီးလို့ မရဘူးပေါ့
ဘယ်သူတွေနဲ့မှ တွဲ တီးလို့ မရဘူးပေါ့
ဒီမှာ...
လူဆိုတာ E A D G B e ဗျ
ခင်ဗျားက ဂီတမှ တကယ် ဟုတ်ရဲ့လား
(ဂစ်တာသံ)
ဟား ဟား ဟား ဟား
ခင်ဗျား ဘယ်လက်ပြတ်ကြီးက
ဂစ်တာမတီးဘူးလို့ ပြောနေတယ်လေ
ဒီလိုပဲ နားလည်ရ၊ ဒီလိုပဲ နားလည်ကြတာပေါ့
သမားရိုးကျရဲ့ အဘိဓမ္မာနဲ့ အမှန်တရားပြုခဲ့
တကယ် အစိုးမရတဲ့ အသိသညာနဲ့ ဥာဏ်အားစုခဲ့
ကျန်တဲ့ တခြားတစ်ခုရဲ့ အတွေးတရားကိုလည်း
မလေးစား မလေ့လာတတ်
မမှန်တဲ့ မမှားမှုရဲ့ အရေးများကိုလည်း
ဘေးထား မေ့လာကြမယ်
အဲဒီတော့--
ခင်ဗျားက ဘဝကို ဂစ်တာတီးပြလိုက်တာပဲ မဟုတ်လား
ဒီလိုပါပဲဗျာ
ကျနော့်ဂစ်တာဟာ
ကျနော့်ရင်ခုန်သံနဲ့ key ညှိထားတာ
အများမှန်လူ့သီအိုရီဟာ
ခင်ဗျားပြောသလို E A D G B e မဟုတ်လား
ကျနော့်ရင်ခုန်သံက E G A=A G e ဗျာ
ဓမ္မကိုလည်း A G E သံနဲ့ ညီမျှထွက်တယ်
အဓမ္မကိုလည်း A G e သံနဲ့ ညီမျှထွက်တယ်
၆ ကြိုးထဲမှာ ဓမ္မရော အဓမ္မရော ရှိနေတာဟာ ဂစ်တာပဲပေါ့
အဲဒါနဲ့ ဘဝကို ကျနော် ဂစ်တာတီးနေခဲ့တာလေ
ကဲ ခင်ဗျား ဘာသီချင်းတွေ နားထောင်ချင်လဲ..ပြော
(လက်ကွက်)
KANSAS ရဲ့ DUST IN THE WIND တီးဗျာ
ဒသနကောင်းကင်မှာ
ဒီသီချင်းထက် ပျောက်ဆုံးတာ ဘယ်တရားမှ မရှိဘူး
ကျနော့်ဂီတတစ်ခုလုံး
အဲဒီ SOLO ထဲ ကူးခပ်ရင်း ရူးအ ခဲ့
ကျနော့်ဒသနတစ်ခုလုံး
အဲဒီ LYRIC ထဲ တွေးခေါ်ရင်း ဘေးချော် ခဲ့
အချိန်ကာလတရားရဲ့ အနတ္တအရာကို
ကျိန်စာခတ်ထားတဲ့ ဒသနဗလာပဲ
အဇတ္တအတ္တနယ် အလွှာခန်းထဲ စွဲနေ၏
တထစ်ချ-မှတ်မယ်- ဘယ်မှာမှန်းလည်း မသိ၊
(ဂစ်တာသံ)
သိပ်ရတာပေါ့ဗျာ..ဒီသီချင်းဟာ
ဘာ keyနဲ့ တီးတီး၊ ဘာစကားနဲ့ ရေးရေး၊
ဘယ်သူပဲ ဆိုဆို၊ ဘယ်အဖွဲ့နဲ့ပဲ တီးခတ်တီးခတ်၊
ကျောရိုးဒသနက တစ်သံတည်းရတယ်
(ဖျတ်ကနဲ) တဲ့
(ဖျတ်ကနဲ)
(ဖျတ်ကနဲ)
(ဖျတ်ကနဲ) ဆိုတဲ့ အတိုဆုံး သြဂါသလောကဓမ္မသံစဉ်ပေါ့
ထားလိုက်ပါတော့
အခု ခင်ဗျားတီးဗျာ
HOTEL CALIFORNIA တီးပါ
(လက်ကွက်)
ဟာဗျာ...ခင်ဗျားဟာကလည်း
ကျနော်က NEVERMORE လို Power Metal Guitar သမားဗျ
ခင်ဗျားရဲ့ စောက်ရေးမပါတဲ့ နု/ ချွဲ / နွဲ့/ချို တွေ မတီးတတ်ဘူး
ဘဝမှာ တီးတတ်လည်း မတီးဘူးဗျာ၊
ဘဝမှာ အမြဲတီးလာတာလည်း ဟဲဗီးပဲ၊
ပွဲပြီး ကဗျာဟာလည်း ဟဲဗီးပဲ
ဒီအတွက် ဘယ်သူနဲ့မှ မတွဲတီးရရင်လည်းနေ-ရတာပေါ့
ဒီတစ်သက် ကယ်သူမဲ့ကြ ငရဲမီးကျရင်လည်း-သေကြတာပေါ့
ဘဝဆိုတာ လေထက် ပေါ့နေတဲ့ ဗလာပါ
(ဂစ်တာသံ)
အင်း....ခက်တာပဲဗျာ
သံသရာရှည်သီချင်းတေးသွားအစစ်ရဲ့ဂီတထဲမှာ
ပြန်လာသေရင်းမွေးဖွားဖြစ်ပျက်တည်ကြမြဲ သီချင်းဆိုလို့
HOTEL CALIFORNIA ဟာ တီးခတ်လို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ သီဆိုလို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ ခံစားလို့ အကောင်းဆုံး
အဲ...စောက်သုံးမကျ နားလည်ရခက်တဲ့ စာသားတွေကလွဲရင်ပေါ့
ဘဝအဘိဓမ္မာအဓိပ္ပါယ်တရားကတော့
အဲဒီ စာသားလို နားလည်ရခက် အသုံးမကျ နေနိုင်ပေမဲ့
လူဟာ အဲဒီ ဂီတကို တီးတတ်နေရမှာပဲ
အဲဒီဓမ္မလို အပြီးသတ်သေကြတာလည်း အဲဒီလိုပဲပေါ့
(ဘာနားမလည် ညာနားမလည်နဲ့) တတ်သလို တီးခဲ့မှာပဲ
ခင်ဗျားနဲ့ကျနော် မတွဲတီးမိကြရင်လည်း
ဖြစ်တည်မှုဂီတဘဝက တိတ်ဆိတ်နေမှာပဲပေါ့
အဲဒါကိုတော့ ဂီတလို့ သတ်မှတ်အတည်ပြုလို့ ရပါ့မလား
သံသရာမဆုံး ဆက်ငြင်းသွားအုံးစို့။ ။
သုအိုင်စံ
၂၇-၀၂-၂၀၁၄
-
-
(၁၁၀)
((( လူလည် )))
ခြေ ၂ ခြောင်းနဲ့
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ဘီး ၂ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ဘီး ၄ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ခြေ ၄ ခြောင်းနဲ့၊ မတီထွင်ကြည့်ဘူး
မရပ်ကြည့်ဘူး၊ မသွားကြည့်ဘူး
ငြင်းတယ်
သူများကို နွားလိုခိုင်းစားပြီး
ကိုယ်က နွားလို ရုန်းရမှာ
သိပ် ကြောက်တဲ့ လူလည်
ကမ္ဘာကို ဒိုင်ကိုင်နေတယ်။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
-
-
(၁၁၁)
((( လမ်းသရဲပန်းချီ )))
အထူအပါးနဲ့ 
ဆေးသား မညီပေမဲ့
လူသားရဲ့ 
သွေးများ နီနေလျှက်
တရောင်ထဲမှာပဲ
အဆင်းကွဲနေသည်
အမှောင်ထဲမှာပဲ
အလင်းကွဲနေသည်
ဘာပန်းချီနည်းလဲ
ရုပ်နာမ်ကို စုတ်တံနဲ့ 
ယူသုတ်ပြီး ခြစ်ကြည့်တာ
လူရုပ်ကြီး ဖြစ်လာတာပဲ
အဲဒါနဲ့  ဆက်ရေးတာ
အထဲကသွေးကို
အတူနီအောင် ရမ်း သုတ်တယ်
အပြင်ကရုပ်ကို
မတူညီအောင် မှန်း လုပ်တယ်
စိတ်လှိုင်းကို ဘောင်ခတ်တယ်
အရိပ်လှိုင်းကို အမှောင်ချတယ်
ပြီးတော့
ဖြစ်ချင်တာဖြစ်ကြ ပစ်ချလိုက်တယ်
ဘာပန်းချီဝါဒ ခေါ်မလဲဗျ
မတော်တဆ အတွေးကိုပဲ
ပစ္စလက္ခ ဆက်ရေးတာလေ
မတော်တဆပစ္စလက္ခဝါဒပဲပေါ့
လမ်းသရဲ ပန်းချီဝါဒလို့ လည်းခေါ်ကြ
ဖြစ်သမျှဘာမှလည်း တာဝန်မယူပြန်
လူဖြစ်လူခံပန်းချီရေးဟန်ပေါ့
ပန်းချီဆရာအမည် ပြောပါ
ဘုရားသခင်လို့  ခေါ်တာပဲ
မှားရင်လည်း မှားနိုင်တယ်
သုအိုင်စံ
၀၅ ၀၄ ၂၀၁၄
-
-
(၁၁၂)
((( ဗြိတ္တာဂူသားများ )))
ဗုဒ္ဓက သန့်စင်ပြီးသားအာလူး ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
အလာဂ်က လည်လှီးပြီးသားဆိတ် ၁ ကောင်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
ဂျေးဆက်က (ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
ဟိန္ဒူနတ်မင်းကြီးက (ဆန်၊ ဆီ၊နွားနို့) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
ဂူသားဟာ ကျောက်ကုတင်ပေါ်က ထလာပြီး မီးဖိုပေါ်မှာ အိုးတင် မီးရှို့တယ်
သန့်စင်ပြီးသားအာလူး ၁ အိပ်ကို ထက်ဝက်ခြမ်းပြီး အိုးထဲကို ပစ်ထည့်တယ်
လည်လှီးပြီးသားဆိတ် ၁ ကောင်ကို ခုတ်ထစ်ပိုင်းပြီး အိုးထဲကို ပစ်ထည့်တယ်
(ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်ကို အခွံနွှာစိပ်ပြီး အိုးထဲကို ပစ်ထည့်တယ်
(ဆန်၊ ဆီ၊နွားနို့) ၁ အိပ်ကို ဖော်မြူလာ အချိုးကျရောပြီး အိုးထဲကို ပစ်ထည့်တယ်
ဟင်းချက်ထားတုန်းမှာပဲ ဂူသားဟာ ကျမ်းစာအုပ်တွေကို ကောက်ကိုင်ဖတ်တယ်
၎ မျိုးကွဲနေကာ၊ ၄ ဘာသာစကားနဲ့၊ ၄ မျိုးသော အယူအဆ၊ ဖတ်လို့က နားမလည်
ဂူသားဟာ ခေါင်းကို ကုတ်ပြီး ခဏတော့ တွေးငိုင် စဉ်းစား မှန်းရည်နေသေးတယ်
နောက်ဆုံးတော့ ကျမ်းစာအုပ် ၄ အုပ်စလုံးကို မီးဖိုထဲ ပစ်ထည့် ပြာချပစ်လိုက်တယ်
ကျက်သွားပြီးတဲ့ (အာလူး+ဆိတ်+နွားနို့+ထမင်း) ကို အရသာခံ စားပေတော့တယ်
မေတ္တာ၊ အကြင်နာ ချမ်းသာတဲ့ ဘုရားတွေဟာ ဂူထဲကို နေ့တိုင်းလာ လာ နေတယ်
အဲသလို
ဂူသားဟာ ဘာသာတရားကို ပတ်သက်ရာကျမ်းစာအုပ်မီးရှို့သလို ဆက်ဆံကိုးကွယ်ပြီး
ဘုရားများရဲ့ မေတ္တာတွေကိုတော့ (အာလူး+ဆိတ်+နွားနို့+ထမင်း) လို ချက်စားပစ်ခဲ့သူ
လှိုဏ်ဂူ ၁ ဂူ၊ ပါးစပ် ၁ ပေါက်၊ ဟင်း ၁ အိုး၊ အစာ ၁ နပ်၊ ဂူသား ၁ နွယ်၊ လေထု ၁ ခု၊
ငါ့ဘုရားက သင့်ဘုရားကို ရန်မပြု၊၊ ငါတို့ဘုရားက သင်တို့ဘုရားကို ရန်မမူ၊ ဒီ လူဂူမှာ၊
ဘုရားကျွေးတဲ့ရိက္ခာနဲ့ မအားသေးတဲ့ ဗြိတ္တာလို သူတို့ (အိပ်+စား+ကာမ) နေတော့တယ်
လက်ပ်တော့တွေ အိုင်းဖုန်းတွေ အိုင်ပက်တွေ အိုင်တီတွေ အွန်လိုင်းယဉ်ကျေးမှုတွေနဲ့။ ။
သုအိုင်စံ
၀၁-၀၆-၂၀၁၄
-
-
(၁၁၃)
((( ပွဲမပြီး၊ မီးမသေ )))
ရေကူးတဲ့သူဟာလည်း
ရေထဲ ၃ ပုံ ၁ ပုံ မြှုပ်ထားတာပဲ
ရေကူးတဲ့ကမ္ဘာဟာလည်း
ရေထဲ ၃ ပုံ ၁ ပုံ မြှုပ်ထားတာပဲ
လူ့ လောကပင်လယ်ထဲမှာ
ယုံကြည်လို့ရတာက ၃၅%ပဲပေါ့
ကျန်တာကတော့ ဘာမဆိုဖြစ်နိုင်
နိုင်ငံကို ၃ ပုံ ၂ ပုံ ပိုင်ရင်
နိုင်ငံရေးလုပ်တာ အောင်မြင်မယ်
ဟုတ်တယ် မဟုတ်လား
လှိုင်းတစ်လုံးအားနဲ့ မုန်တိုင်း မဖြစ်ပေမဲ့
မုန်တိုင်းဟာ
လှိုင်းတစ်လုံးရဲ့ ခံယူချက်က စခဲ့တာပဲလေ
၁ ပုံကို ငါးစာတုံး လုပ်ပြီး
၃ ပုံကို ယုံကြည်ချက်နဲ့ မျှားတာ
ရေထဲကကမ္ဘာဟာ ရေထဲမှာနစ်ဆဲ
လေထဲမှာ ဗလာကြီး တွဲလောင်းချိတ်လို့
အနာဂတ်တို့ ရေချိုး ပြန်ခဲ့ရာမှ
ကမ်းစပ်ကို တဖန် ကမ္ဘာပြန်လည်ခဲ့ရ
ငါးမြှားတံကို ရေထဲ နှစ်ချလိုက်တယ် အရင်လို။ ။
သုအိုင်စံ
၂၆-၀၃-၂၀၁၄
-
-
(၁၁၄)
ဆေးပြားနဲ့ဝေးသွားတဲ့ ဆေးသမားတစ်ယောက်လိုပေါ့
တေးသွားနဲ့ဝေးသွားတဲ့ တေးသမားတစ်ယောက်လိုပေါ့
အဓိပ္ပါယ်တွေ အဆိပ်ပြယ်သွားတဲ့
စစ်ချီသီချင်းလို ဖြစ်တည်ခြင်းတွေ
အဆိုးအကောင်းတွေနဲ့လွန်းကျစ်ထားတဲ့ ထွန်းသစ်စ ကြိုးတစ်ချောင်းပါ
အမှားအမှန်တွေနဲ့ ကျားကန်ထားတဲ့ စားကျက်မှာ
အသက်ကောင်အရှင်ကို မနက်ရောင်စဉ်လို
ပစ္စက္ခရဲ့အမြင်မှန်မှုလို တရား စံထား
ပစ္စလက္ခနဲ့ရှင်သန်မှုကို နွားလှန်ထားတယ်
နိဒါန်းကို သိကျွမ်းခွင့် မရတဲ့ လမ်းမပေါ် အရမ်းပစ်ချ ဆွဲခေါ်ခံရတယ်
ဦးနှောက်နဲ့ကုန်းကောက်ခဲ့သမျှ ဗဟုသုတနဲ့ သူ့ဘဝကို ရှာတယ်
အသဲနှလုံးအားနဲ့ဆွဲသုံးထားတဲ့ အချစ်ကဗျာ တစ်ခုနဲ့မေတ္တာပန်းပု ထုတယ်
ဇတ်ညွှန်းတွေ ငြင်း/ရှုပ်နေတာကို ရှင်းထုတ် မနေတော့ဘူးဟေ့
ဖတ်ညွှန်းတွေ ထပ် ထပ်စွန်းပေလာတာတော့ မမိုက်ဘူးကွာ
နီးစပ်မှုတွေကိုပဲ ချည်းကပ်မှုပြုနေရတယ် မဟုတ်လား
နည်းပြမှုတွေကိုပဲ တီးခတ်မှုပြုနေရတယ် မဟုတ်လား
ဂုတ်ကျားဖြစ်ဖြစ် စုတ်ဖွားဖြစ်ဖြစ်
ခွေးတစ်ကောင်လို တေးဟောင်ခွင့်ရဖို့
ဂိတ်ဆုံးထိသာပြေးကြ၊ စိတ်ဆုံးထိသာတွေးကြ၊ ထိပ်ဆုံးရှိတာပေးဆပ်
အကြောက်မဲ့စွာ ဖောက်ထွက်ကာ
လျှောက်ခဲ့ရာ ရောက်လှည့်လာ
တစုံတရာဘဝနဲ့ ချခင်း ဘုံအနာဂတ်အတွက် ဖြတ်ခွင်း ဂုဏ်ပကာသနနဲ့ ထလင်း
မပြီးမချင်း တီးရင်း ညည်းရင်း စီးဆင်းသည် ခွေးခရီးဂီတ၊
-
-
(၁၁၅)
((( လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည်
မှု ))) သို့.....လောကကြီး
ကျွန်ပ် (လူသားလောင်းလေး) မှ အောက်ပါ ပစ္စည်းများကို ဝယ်ယူအသုံးပြုလိုပါသဖြင့်
စနစ်တကျစီစဉ်ပေးထားပါ။ မကြာခင် ဘဝတစ်ခုနှင့် လာရောက်ပေးချေ လက်ခံယူပါမည်။
(၁) အသင့်ပြင်ထားတဲ့ လေထုခပ်သန့်သန့်
(၂) အသင့်ပြင်ထားတဲ့ မိခင်နို့ရည်
(၃) အသင့်ပြင်ထားတဲ့ အမည်နာမတစ်ခု
(၄) အသင့်ပြင်ထားတဲ့ အမှန်တရား*
(၅) အသင့်ပြင်ထားတဲ့ အထင်သေးမှု
(၆) အသင့်ပြင်ထားတဲ့ အတင်းအဖျင်း
(၇) အသင့်ပြင်ထားတဲ့ ပြည်သူပိုင်တံတွေးခွက်
(၈) အသင့်ပြင်ထားတဲ့ ငြိမ်းချမ်းရေးစစ်စစ်*
(၉) အသင့်ပြင်ထားတဲ့ အကြင်နာတရား*
(၁၀) အသင့်ပြင်ထားတဲ့ အပြန်အလှန်လေးစားဆက်ဆံမှု*
(၁၁) အသင့်ပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း
(၁၂) အသင့်ပြင်ထားတဲ့ ကောင်မလေးနှုပ်ခမ်း
(၁၃) အသင့်ပြင်ထားတဲ့ ရွေးချယ်ခွင့်
(၁၄) အသင့်ပြင်ထားတဲ့ လွပ်လပ်မှု*
(၁၅) အသင့်ပြင်ထားတဲ့ ဥပဒေ
(၁၆) အသင့်ပြင်ထားတဲ့ လောဘနဲ့အတ္တ
(၁၇) အသင့်ပြင်ထားတဲ့ စော်ကားမှု
(၁၈) အသင့်ပြင်ထားတဲ့ သစ္စာများ
(၁၉) အသင့်ပြင်ထားတဲ့ ယုံကြည်ချက်များ*
(၂၀) အသင့်ပြင်ထားတဲ့ ကမောက်ကမများ
(၂၁) အသင့်ပြင်ထားတဲ့ ချစ်ခြင်းမုန်းခြင်းများ
(၂၂) အသင့်ပြင်ထားတဲ့ လိုလိုမယ်မယ် ဟိုဟာဒီဟာများ။ ။
သို့.....လူသားလောင်းလေး
မှာထားသောပစ္စည်းများ အဆင်ပြေသော်လည်း အထက်စာရင်းပါ (*) ကြယ်ပွင့်ပြထားသော
အရာများကို ကျွန်ပ်တို့ ထုပ်လုပ်ရောင်းချခြင်း မပြုနိုင်သေးသဖြင့် ဝမ်းနည်းရပါကြောင်း။
သို့ပါသော်လည်း ယခုလိုလာရောက်အားပေးမည့် လူကြီးမင်းအား လူ့ဘဝတွင်
သေချာအသုံးတည့်နိုင်မည့် အောက်ပါပစ္စည်းများအား ကျွန်ပ်တို့လောကကြီးမှ
မေတ္တာလက်ဆောင်အဖြစ် ပြင်ဆင်ထားပါသည်။ လာရောက်ပျော်မွေ့နိုင်ပါစေ။
(၁) အသင့်ပြင်ထားတဲ့ မှားယွင်းခွင့်
(၂) အသင့်ပြင်ထားတဲ့ အာဃာတနဲ့စပယ်ရှယ်အမုန်းခပ်များ
များ
(၃) အသင့်ပြင်ထားတဲ့ အဆင်သင့်မဖြစ်မှုများ
(၄) အသင့်ပြင်ထားတဲ့ ခေါင်းတလားတစ်လုံး။ ။
သုအိုင်စံ
၂၀၀၀
-
-
(၁၁၆)
((( ၂=၅၂ )))
အဖြစ်အပျက်တွေက
စစ်ထွက်သွားကြတယ်
အဖြစ်အပျက်တွေဟာ
စစ်ထွက်လာကြတယ်
အဖြစ်အပျက်နဲ့
အဖြစ်အပျက်တွေဟာ
စစ်ကွက်စစ်မြေမှာ တွေ့ ကြပြီ
စစ်မြေမှာ ချစ်နေစရာမလိုဘူးဟေ့...ပစ်ကွာ
စစ်မြေမှာ ညစ်နေစရာမလိုဘူးဟေ့..သတ်ကွာ
ဒါကြောင့်ပဲ
ဖြစ်လိုက်ခြင်းတွေ ထပ်တိုးလာတယ်
ဒါကြောင့်ပဲ
ပျက်လိုက်ခြင်းတွေ ထပ်တိုးလာတယ်
အညစ်အဟောင်းတွေ ဒိုးသွားမှ
အသစ်အကောင်းတွေ မျိုးပွားမှာဆိုတော့
ဖြစ်/ပျက် ဖြစ်/ပျက် တရားကို ဒရစပ် ဟောတယ်
ဘာမှ ပွင့် မလာဘူး။
အဆိုး အဖျက် အညစ်တွေ ပျောက်သွားမှ
မျိုးဆက်သစ်တွေ ပေါက်ဖွားလာမှာဆိုတော့
စစ်/ငြိမ်း စစ်/ငြိမ်း စကားကို ဒရစပ် အော်တယ်
ဘာမှ ဖြစ်မလာဘူး။
ဒီလိုပါပဲ
ဘုရား အယူအဆမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်
ဒီလိုပါပဲ
လူသား မူဝါဒမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်
ပျောက်နေတဲ့ အဓိပ္ပါယ်ကို ရှာနေတုန်း
ရှာနေတဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံး
ဆွဲဖဲ နဲ့ တက်ဖဲ ဆက်ဆက်လွဲနေဦးမယ်
၂ ချပ်တည်းနဲ့ မကစားတတ်ဘူးလား
ကိုယ့် ဖဲ ကိုယ် ဆွဲဆုတ်သွားခဲ့ပါ။ ။
သုအိုင်စံ
၂၀၀၇
-
-
(၁၁၈)
((( အနီဖျော့ပုလင်း နှင့် မော့သူ )))
ကျနော့်အဖေကို သွားကန်တော့မလို့
ကျနော်ဟာ ကျနော့်သားကို
ဂျော်နီဝါးလ်ကား တလုံး--ဝယ်ခိုင်းလိုက်တယ်
အရက်ပုလင်းအောက်ခြေမှာ
ကျနော့်အဖေ
အရက်ပုလင်း ထိပ်ဝမှာ
ကျနော့်သား
အရက်ပုလင်း အလယ်တည့်တည့်မှာ
ကျနော့်မျက်နှာကြီး အရက်ဖော-ဖောနေ
အဖေ့ဆီရောက်ရင် မေးရဦးမယ်
အဖေ အဖေ
လူဆိုတာ
သောက်နေသူလား ပုလင်းလား
၂ ခု စလုံးလား---ဆိုတာ
အရက်က
တဖြေးဖြေ လျော့ကျလာမြဲ
လူက
တဖြေးဖြေး မူးယစ်လာမြဲ--ဆိုရင်ကွာ
ဘယ်လောက်သောက်သောက်
မမူးတာတွေက ဘာသဘောကြောင့်လဲ
ပုလင်းရော လူရော
ပြိုင်တူကုန် ပြိုင်တူလဲဖို့ဆိုတာ
ဝယ်ထားတဲ့
သေကုသိုလ်ရိက္ခာလက်မှတ်နဲ့
စီးရမဲ့ခရီး သေမင်းရထားတို့
တထပ်တည်းကျဖို့လိုပါပဲလား
သိပ်-ရှား-ပါး-ပါ-လား-မ-စဉ်း-စား-ပေ
-------------------------------------
အဖေရေ--ဆက်သောက်ထားပါ
ကျနော်လေ--ဆက်သောက်နေကာ
သားရေ--မင်း ကြီးလာရင်
ဆက်သောက်သွားကွာ
-----------------------------
ငါတို့ဟာ ငါတို့ရဲ့ 
ဘဝအရက်ပုလင်းကို ဖွင့်ပြီးတာနဲ့
မသောက်ပဲ လေသလပ်ခံလို့ မရတဲ့
အရက်သမားစစ်စစ်တွေပဲ။ ။
သုအိုင်စံ
၂၂-၀၈-၂၀၁၆
--
-
(၁၁၉)
လူမှုဒုက္ခကို
ဝုန်းကနဲ ပြုတ်မကျရုံလေး
ပြည်သူ့ ပုခုံးပေါ်ကို
ပစ်တင်ပေးလိုက်တယ်
တခေတ်ဝင်တခေတ်ထွက်
ကူလီထမ်းခဲ့တဲ့ ငါတို့တွေ။ ။
သုနိုင်ငံ
၂၆-၀၃-၂၀၁၆
-
-
(၁၂၀)
((( အမှန်ဗဟိုချက်များအား
ကန်ဖြိုထွက်သွားတဲ့တရား )))
ဗုဒ္ဒပုံကို
လက်ဝါးမှာ ညှပ်ပြီး ဓါတ်ပုံ ရိုက်တင်လိုက်ပါ
မင်းကို လူတွေ ချစ်ကြလိမ့်မယ်
ဗုဒ္ဒပုံကို
ခြေဖဝါးမှာ ညှပ်ပြီး ဓါတ်ပုံ ရိုက်တင်လိုက်ပါ
မင်းကို လူတွေ မုန်းကြလိမ့်မယ်
အဲဒါဆို ဒီကဗျာကို
"နေရာ" လို့ ခေါင်းစဉ်ပေးရမလား
"လက်ဟာ ခြေထက်မြတ်တယ်" လို့ ပေးရမလား
မနေ့က--- လက် မရှိလို့
ခြေထောက်နဲ့ စာမေးပွဲဖြေနေတဲ့ ကောင်လေးဟာ
ဘုရားကို ခြေထောက်နဲ့ ရှိခိုးလို့ရသလား....။ ။
သုအိုင်စံ
၁၅-၀၃-၂၀၁၆
-
-